တက္ကသိုလ်ဝင်စာမေးပွဲ တစ်နိုင်ငံလုံး အမှတ်အများဆုံး မသင်းမြနွေးနှင့် တွေ့ဆုံခြင်း ❖
၂၀၁၈ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းကို ဇွန်လ ၂ ရက် တွင် ထုတ်ပြန်ရာ ဖြေဆိုသူ ၇၅၀,၀၀၀ ကျော်တွင် အောင်မြင်သူ ၂၅၀,၀၀၀ ကျော်ရှိပြီး အောင်ချက် ၃၂ ဒသမ ၈၂ ရာခိုင်နှုန်းရှိသည်။ ဂုဏ်ထူးရှင် ၇၅,၇၅၆ ဦး ပေါ်ထွက်ခဲ့ပြီး ၎င်းတို့အနက် သိပ္ပံဘာသာတွဲဖြင့် မြန်မာတစ်နိုင်ငံလုံး အမှတ်အများဆုံးအဖြစ် ၅၅၃ မှတ်ဖြင့် အထက (၁) ဒဂုံမှ ခြောက်ဘာသာ ဂုဏ်ထူးရှင် မသင်းမြနွေးက ရရှိသည်။ တစ် ဘာသာလျှင် ပျမ်းမျှရမှတ် ၉၂မှတ် ကျော် ရရှိခဲ့သော အသက်(၁၆)နှစ်အရွယ် ကျောင်းသူ မသင်းမြနွေး၏ ကြိုးစားအားထုတ်မှုကို တွေ့ဆုံမေးမြန်း၍ ဖော်ပြလိုက်ပါသည်။
❖ တစ်နိုင်ငံလုံး ပထမရရှိခဲ့တာကို သိတဲ့အခါမှာ ဘယ်လို ခံစားခဲ့ရလဲ။
The Whole Burma First ရဖို့ကို မမျှော်မှန်းရဲခဲ့ဘူး။ မျှော်မှန်းမထားဘဲ ရခဲ့တော့ တအားလည်း အံ့အားသင့်မိပါတယ်။ အရမ်းလည်း ပျော်ပါတယ်။
❖ အခုလိုမျိုး အမှတ်အများဆုံးရဖို့ ဘယ်လိုခံယူချက်နဲ့ ကြိုးစားခဲ့လဲ။
ဘာသာစုံဂုဏ်ထူးတော့ ပါချင်ခဲ့တယ်။ ဒါပေမဲ့ နှစ်ဝက်စာ မေးပွဲမှာလည်း ကျောင်းမှာ အမှတ်အများဆုံး ရခဲ့တယ်။ နှစ်ဆုံး Pre Test မှာလည်း ၅၅၃ မှတ် ရခဲ့တော့ ဖြစ်ချင်တာတော့ရှိတယ်။ The Whole Burma First ဖြစ် လိမ့်မယ်လို့တော့ မမျှော်လင့်ထားဘူး။
❖ မြန်မာတစ်နိုင်ငံလုံး အမှတ်အများဆုံးရအောင် တစ်နှစ်လုံး ဘယ်လိုမျိုး ကြိုးစားအားထုတ်ခဲ့ရသလဲ ဆိုတာ ပြောပြပေးပါဦး။
အချိန်ဇယား အတိအကျကြီး မဆွဲထားဘူး။ စာမေးပွဲတွေ ဖြေကြည့်တဲ့ အခါမှာ ကိုယ်အားနည်းတယ်ထင်တဲ့ ဘာသာရပ်တွေကို ပိုပြီးသေချာဂရုစိုက်ပြီးတော့ လုပ်တယ်။ တစ်နေ့စာတစ်နေ့ ပုံမှန် စာလုပ်သွားပါတယ်။ မနက်ပိုင်းက ကျောင်းသွားတာများတော့ ညနေပိုင်းကနေ ည ၁၂ နာရီထိ ပုံမှန်စာကြည့်ဖြစ်ပါတယ်။ ကျောင်းချိန်၊ ကျူရှင်ချိန် မရှိရင် မရှိသလို စာကြည့်ဖြစ်တယ်။ တစ်နေ့ကို အိပ်ချိန် အ နည်းဆုံး ခြောက်နာရီရအောင် အိပ်ပါတယ်။ ကျောင်းက စာမေးပွဲ တွေကိုလည်း သေချာဖြေတယ်။ စာမေးပွဲကြီးမဖြေခင် ကျောင်းမှာ နောက်ဆုံးဖြေခဲ့တဲ့ စာမေးပွဲမှာလည်း အမှတ်ပေါင်း ၅၅၃ ပဲ ရခဲ့ပါတယ်။
❖ ဘာသာရပ်တွေကို ဘယ်လိုပုံစံမျိုး ကျက်မှတ်လေ့လာခဲ့လဲ။ ဘာသာရပ် တစ်ခုချင်းစီအလိုက် အကုန်လေ့လာဖြစ်ခဲ့လား။
ဆရာမတွေ သင်တဲ့အချိန်တော့ အကုန်လုံးကို သိထားအောင် သေချာလိုက်နားထောင်တယ်။ မှတ်တယ်။ ကိုယ့်ဟာကိုယ် ပြန်လေ့ကျင့်တဲ့ အချိန်မှာတော့ အရေးကြီးဆုံးဟာတွေ၊ အဓိကကျတဲ့ ဟာတွေကို ရွေးထုတ် ပြီး သေချာပိုလေ့လာဖြစ်တယ်။
❖ ဒီနှစ်စာမေးပွဲမှာက အင်္ဂလိပ်စာ ဘာသာရပ်က မေးခွန်းပုံစံ အရင်နဲ့ မတူတာလေးတွေ ပါလာတော့ ဒါကိုကော ဂုဏ်ထူးမှတ်ထိရအောင် ဘယ်လိုဖြေဆိုခဲ့လဲ။
ဒီနှစ်မှာဆို အင်္ဂလိပ်စာက မေးခွန်းပုံစံတွေ အသစ်ဖြစ်လာတယ်။ Essay၊ Letter ဆိုလည်း ပုံစံတစ်မျိုး ပြောင်းမေးတယ်။ Grammar ဆိုလည်း မေးခွန်း လှည့်ထားတယ်။ ပေးထားတဲ့ ခေါင်းစဉ်တွေထဲက ကိုယ်နဲ့ဘယ် အပုဒ်က ပိုအမှတ်ရမလဲဆိုတာ သေချာစဉ်းစားပြီးမှ ရွေးဖြေတယ်။ ခေါင်းစဉ်ကိုဖတ်ပြီး အဲဒီ ခေါင်းစဉ်ရဲ့ သဘောတရား၊ သူက ဘာမေးချင်တာလဲ၊ ကိုယ် ဘာဖြေရမလဲဆိုတာကို သေချာနားလည်အောင် လုပ်တယ်။ ပြီးရင် ရေးမယ့်ဟာလေးတွေကို အကြမ်းဖျင်းမှတ်ထားပြီး အဲဒီကနေ ထပ်စဉ်းစားပြီးရေးခဲ့တယ်။
❖ ဆရာ၊ ဆရာမတွေကကော ဘယ်လိုပံ့ပိုးပေးခဲ့လဲ။
ဆရာမတွေက စာသင်တာနဲ့ တစ်ခါတည်း အမှတ်ပေးစည်းမျဉ်းပါ ပြောပြပေးတယ်။ ဒီအပုဒ်မှာ ဒါဖြေတာနဲ့ အမှတ်ဘယ်လောက်ပေးတယ်၊ ဒါမပါရင် ဘယ်လောက်လျှော့တယ် ဆိုတာမျိုးကအစ သေချာပြောပြပေးပါ တယ်။
❖ စာမကျက်ချင်လောက်အောင် စိတ်ဖိစီးမှုများတဲ့ အချိန်ကော ရှိခဲ့လား။ စိတ်ဖိစီးမှုတွေ လျော့အောင်ဘာလုပ်လေ့ရှိလဲ။
စာမေးပွဲ မဖြေချင်လောက်အောင် စိတ်ဓာတ်ကျတာတော့ မကြုံဖူးဘူး။ စိတ်ဖိစီးမှုများလာရင်တော့ အဲဒီအချိန်ဆို စာမကျက်တော့ဘူး။ လမ်းလျှောက်တယ်။ သီချင်းနားထောင်တယ်။ တီဗီကြည့်တယ်။ နည်းနည်းစိတ်အပန်းဖြေပြီးမှ စာပြန်ကျက်တယ်။ တစ်ခါတလေ သူငယ်ချင်း တွေနဲ့ နေ့ချင်းပြန်ခရီးသွားတာမျိုး လေးတွေလုပ်တယ်။
❖ ကျောင်းစာအပြင် တခြားပြင်ပ ဗဟုသုတအတွက် စာဖတ်တာမျိုးရှိလား။
ကျောင်းစာအပြင် သတင်းစာဖတ်တယ်။ ဆရာမင်းလူရဲ့စာအုပ်တွေ ဖတ်တယ်။ မင်္ဂလာမောင်မယ်လို စာအုပ်မျိုးတွေလည်း ဖတ်တယ်။ ပြီးတော့ စုံထောက်ဝတ္ထုတွေ ဖတ်ရတာ သဘောကျပါတယ်။
❖ မိဘတွေကကော ဘယ်လိုပံ့ပိုး ပေးခဲ့လဲ။
ပညာရေးဘက်မှာဆို မာမားဆိုလည်း စာကျက်နေတဲ့အချိန် တစ်ချိန်လုံး စောင့်ပေးတယ်။ ပြန်နွှေးချင်တဲ့ စာတွေရှိရင် ကြည့်ပေးတယ်။ ကျန်းမာရေးဘက်မှာလည်း လစ်ဟာမှုမရှိအောင် အစားအသောက်ကအစ သေချာစီစဉ်ပေးပါတယ်။
❖ ငယ်ငယ်ကတည်းကနေ အခုထိ ဘယ်လိုထူးချွန်ဆုတွေရခဲ့လဲ။
သူငယ်တန်းကနေ ရှစ်တန်းအထိက နှစ်စဉ် ပထမ၊ ဒုတိယဆုတွေ ရတယ်။ လေးတန်းတုန်းက ဘက်စုံထူးချွန် ၀င်ပြိုင်တော့ ဘာသာရပ် တစ်ခုချင်းအလိုက် ဆုတွေရခဲ့တယ်။ ငါးတန်းကနေ ရှစ်တန်း အထိ သင်္ချာထူးချွန်တွေ ၀င်ပြိုင်ခဲ့ပြီးတော့ မြို့နယ်၊ ခရိုင်၊ တိုင်း အဆင့်ဆုတွေ ရခဲ့ပါတယ်။ ရှစ်တန်းတုန်းက မြန်မာစာထူးချွန် တိုင်းအဆင့်ဆုရခဲ့ပါတယ်။ စာစီစာကုံးပြိုင်ပွဲတွေ ၀င်ပြိုင်ပြီးတော့ ဆုတွေရရှိခဲ့ပါတယ်။
❖ ဘယ်တက္ကသိုလ်တက်ဖို့ စဉ်းစားထားလဲ။
နည်းနည်းတော့ ဇဝေဇ၀ါ ဖြစ်နေပါတယ်။ ဆေးကျောင်း ဒါမှမဟုတ် ရန်ကုန်နည်းပညာတက္ကသိုလ် တစ်ခုခုတက်ဖို့ စဉ်းစားထားပါတယ်။ ၀ါသနာပိုပါတာကတော့ ရန်ကုန်နည်းပညာတက္ကသိုလ်ပါ။
❖ စံထားရတဲ့၊ သဘောကျတဲ့ပုဂ္ဂိုလ်တွေကော ရှိလား။
လေးစားအားကျရတဲ့ သူဆိုရင်တော့ ပါပါးပါ။ ငယ်ငယ်လေး ကတည်းကနေ အခုထိ ဘာသာတရား ရိုသေကိုင်းရှိုင်းတတ်အောင် သင်ပေးတယ်။ အမှားကနေ သင်ခန်းစာယူပြီး ပြင်ဆင်တတ်အောင် အမြဲတွန်းအားပေး လေ့ကျင့်ပေးပါတယ်။ ပြီးတော့ ကျောင်းစာအပြင် အပြင်စာအုပ်တွေ၊ စာစောင်တွေ ၀ယ်ပြီး အမြဲဖတ်ခိုင်းတယ်။ ပြီးတော့ အစ်မကလည်း ဆယ်တန်းမှာ ခြောက်ဘာသာဂုဏ်ထူး ပါခဲ့တော့ သူကလည်း စံထားအားကျရတဲ့သူ တစ်ဦးပါ။ စာလေ့လာတဲ့အခါမှာလည်း ဘယ်လိုဟာမျိုးတွေက အရေးကြီးတယ်၊ ဘာတွေဆို သေချာ ကြည့်သင့်တယ် ဆိုတာ ကူညီ ပြောပြပေးခဲ့ပါတယ်။
❖ ထူးချွန်တဲ့ မျိုးဆက်သစ် လူငယ်တစ်ယောက်အနေနဲ့ တက္ကသိုလ် ၀င်စာမေးပွဲဖြေဆိုမယ့် မောင်ငယ်၊ ညီမငယ်တွေကို ဘယ်လို အကြံပြုစကား ပြောချင်ပါသလဲ။
နောက်နှစ်က မေးခွန်းပုံစံတွေလည်း ပြောင်းမယ်ဆိုတော့ ကိုယ်ဖြေရမယ့် မေးခွန်းပုံစံတွေနဲ့ အကျွမ်းတ၀င်ဖြစ်အောင်၊ သေချာနားလည်အောင် ဆရာ၊ ဆရာမတွေ ပြောတာကို သေချာမှတ်သားပါ၊ ကျန်းမာရေးလည်း မလစ် ဟင်းအောင် ဂရုစိုက်ပါ၊ ဘာသာတရားလည်း ကိုင်းရှိုင်းပါလို့ ပြောချင်ပါတယ်။
❖ အခုလိုဖြေပေးတာ ကျေးဇူးတင်ပါတယ်။
7Day (2 June 2018)